International News

ရုရှားနိုင်ငံမှ ဆန်တင်ပို့မှုအား ယခုနှစ်ကုန်အထိ ပိတ်ပင်ရန် အဆိုပြုထား

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ရုရှားနိုင်ငံမှ ဆန်နှင့်စပါးတင်ပို့မှုအား ၂၀၂၃ နှစ်ကုန်အထိ ယာယီပိတ်ပင်ထားရန် အဆိုပြုထားပြီး သက်ဆိုင်ရာအစိုးရ၏ဥပဒေမူကြမ်းကို ဖက်ဒရယ် Website တွင် ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံမှ ဆန်၊ စပါးတင်ပို့မှုယာယီတားမြစ်ချက်သည် ဥပဒေအသက်ဝင်သည့်နေ့မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းရှိမည်ဖြစ်ကြောင်း အဆိုပါဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

ယင်းတားမြစ်ချက်သည် ရုရှားနိုင်ငံမှ ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU) အဖွဲ့ဝင်နိုင်ငံများ၊ Abkhazia ၊ South Ossetia နိုင်ငံများသို့ တင်ပို့သည့် ဆန်၊ နိုင်ငံတကာအစိုးရအချင်းချင်း သဘောတူညီချက်များအရ တင်ပို့သည့်ဆန်များအပြင် အစိုးရ၏ဆုံးဖြတ်ချက်များအရ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန် ကုန်စည်များနှင့် မသက်ဆိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတကာဖြတ်သန်းသွားလာမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားနိုင်ငံမှ ပို့ဆောင်သည့် ကုန်စည်များနှင့် ပုဂ္ဂိုလ်ရေးအသုံးပြုရန်အတွက် ပြည်ပသို့တင်ပို့သည့် ဆန်များအပေါ်တွင်လည်း သက်ရောက်မှုမရှိကြောင်း ဖော်ပြထားပါသည်။

ရုရှားနိုင်ငံမှ အမိုင်နိုအက်ဆစ်၊ ဆန်နှင့်စပါးများတင်ပို့မှု တားမြစ်ချက်သည် ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်တွင် အစိုးရမှ စတင်ချမှတ်ခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ရုရှားအစိုးရက ဆန်နှင့်စပါးတင်ပို့ရန် တားမြစ်ချက်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်အထိ သက်တမ်းတိုးခဲ့သည်။ ၎င်းဆုံးဖြတ်ချက်သည် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုကို အာမခံရန်၊ အဆိုပါထုတ်ကုန်များအတွက် ပြည်တွင်းစျေးနှုန်းများတည်ငြိမ်စေရန်နှင့် မွေးမြူရေးနှင့် ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများကို ထောက်ပံ့ကူညီရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

Source :  https://tass.ru/ekonomika/18070957

ဦးခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ

Category: International News